04
ပို့စ် ၁၀၀ ပြည့်
Posted under စာဖတ်သူသို့..ဒီပို့စ်ဟာ နတ်နတ်ရဲ့ ပို့စ် ၁၀၀ ပြည့်တဲ့ ပို့စ် ဖြစ်ပါတယ်..။ ဒါကြောင့် ဘလော့ဂ်ထဲမှာ အမှတ်တရ ဖြစ်သမျှကို ပြန်လည်ရွေးကောက် တင်ပြပေးသွားပါမယ်..။ Memorial ပေါ့ဗျာ.။
ဒါလေးက နတ်နတ်ရဲ့ ပထမဦးဆုံး ဘလော့ဂ်ပို့စ်ပါ…။
ဂျစ်ပစီပိုဝမ်
မြေပြင်ကပဲ အစေးနည်းခဲ့တာလား
တယုတယ ပျိုးထားတဲ့ ပန်းကလေးကတောင်
တခုတ်တရ ကင်ပွန်းတပ်လေရဲ့
ဆရာဝန်လို ရှေ့နေလို ဆိုင်းဘုတ်ချိတ်ခွင့်မရတဲ့
တေလေ……….တဲ့။
လူ့အန္ဓတစ်ယောက်ရဲ့ ရာဇ၀င်မှာ
ကမ္ဘာပြိုတော့မယ့် ကိစ္စကိုတောင်
လျစ်လျူရှုနေနိုင်တဲ့
ဝီလ်ပါဝါတွေ ရှိနေတတ်တယ်။
ဘာရယ်တော့မဟုတ်ပါဘူး
ရူးမိုက်စွာ ပေါ့ပါးနေခဲ့တာ
တစ်ခါတစ်လေ
ဝေဒနာတွေတောင်
ကြောင်တောင်တောင် လှည့်ပြန်သွားကြလေရဲ့..။
ယိုင်နဲ့နဲ့ လောကဓံကို
မဲပြုံးလေးတစ်ခုနဲ့ပဲ
လက်တုန့်ပြန်တတ်တဲ့ ဂျစ်ပစီတစ်ယောက်က
မင်းရဲ့ အမုန်းမှာ
အတုန်းအရုန်း ကျဆုံးမယ်ထင်လား။
ဖတ်ပြီးသားကဗျာတစ်အုပ်လို
ကိုယ် ကျေနပ်ရင်ပိတ်
အိပ်နေမယ့်ကောင်
အိပ်မက်တွေတောင် ကြွေးကြော်နေလေရဲ့
အရာအားလုံး အေးဆေးပါ တဲ့……………။
=====================================
နောက် ဘလော့ဂ်မှာ ပထမဆုံး ကွန်မန့် ပေးသွားတဲ့ သူက မကြေးမုံ ပါ..။
‘ဖြစ် ‘ တွေနဲ့ ရှုပ်နေတာပဲ။ ဖြစ်ချင်ရာသာ ဖြစ်တော့ကွာ…။ဖတ်လို့တော့ ကောင်းပါတယ်ဟ..။လေးစားခင်မင်လျက်..မယ်ရာ
ဒါသူ့ ကွန်မန့် ပါ.။
==========================================
Gabor ကို ၁၉၀၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ မှာ Hungary နိုင်ငံ Budapest မှာ မွေးဖွားခဲ့ပါတယ်.. Gabor ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်..။
</br>
ဒါကတော့ ကျွန်တော့်ဘလောဂ်မှာ ပထမဥိးဆုံးထောက်ပြခံရတဲ့ အမှားဖြစ်ပါတယ်.။ British ဗြိတန်လူမျိုး နဲ့ Buddhist ဗုဒ္ဓဘာသာဝင် ကိုမှားဘာသာပြန်မိတာပါ..။
ထောက်ပြတဲ့သူက phyophyo ပါ..။
=======================================
့ကျွန်တော့်ဆီမှာ အများဆုံး လာဖတ် ကွန်မန်လာပေးသူကတော့ Shwezinu ဖြစ်ပါတယ်.။
ပြီးတော့ ကျွန်တော့်အတွက် တန်ဖိုးအရှိဆုံး အလေးနက်ဆုံး ကွန်မန့် ပေးသွားသူကတော့ ကိုနေမိုးဝေ ဖြစ်ပါတယ်.။
ကျွန်တော့် ဘလော့လေး ဒီအချိန်ထိ ပုံမှန် လည်ပတ်နိုင်အောင် အများဆုံးကူညီပေးခဲ့ သူကတော့ ကိုမာရ်နတ် ဖြစ်ပါတယ်..။
ပထမဆုံး အပြောင်းအရွှေ့ကတော့ ဇွန်လ ၁၈ ရက်နေ့မှာ ကျွန်တော် www.netsoelay.tk ကို ဒိုမိန်း သပ်သပ် ပြောင်းပါတယ်..။
နောက်ထပ် အပြောင်းရွှေ့ကတော့ သြဂုတ်လ ၈ ရက်နေ့မှာ Blogger ကနေ WordPress ကို ပြောင်းထားပါတယ်..။
=================================================
ဒါလေးတွေကတော့ ကျွန်တော် ရေးခဲ့တဲ့ အတိုအစ လေးတွေ ဖြစ်ပါတယ်..။
ချက်….ချက် ….. ချက် …..
ငါ့ထက် တိကျချင်လို့ မရဘူး
မနက်ဖြန်ပေါင်းများစွာရဲ့ လင်းရောင်ချည်တွေက
ငါ့ဒိုင်ခွက်ပေါ်မှာ အသက်တွေ ဆက်လို့…
ရက်ကိုလစား လကို နှစ်စား….
ငါ့ကိုမစားပဲ… ဒီရေတောင်မတက်ဘူး…။
ငါ့မျက်နှာပြင်ပေါ်မှာ
တစ်ချို့က အလှအပတွေ ဖော်ကျူး
တစ်ချို့က အမှတ်တရတွေ ဆေးခြယ်
တစ်ချို့က ဘ၀အတွက် တစ်ပိုင်းပြတ် ပတ်စပို့တွေ ဖောဖောသီသီသုံး
အဲဒီအလှအပတွေ ထုတ်ထုတ်ကြည့် သူတို့ ပီတိ
အဲဒီအမှတ်တရတွေ ပြန်အသက်သွင်း သူတို့ တသသ
တစ်ပိုင်းပြတ် ပတ်စပို့တွေနဲ့ ဘ၀တစ်ဆစ်ချိုးတွေ တစ်ရိပ်ရိပ်…..။
ထောက်….. ထောက်
တစ်ထောက်ထောက်နဲ့ သတိလဲထားကြဦး
မီးညှိတုန်းကတော့ ရဲကနဲ ရဲကနဲ
ကျုပ်နားကလဲ ရှဲကြဦး
ခင်ဗျားတို့ ဆေးလိပ်မီးက ကျုပ်နားမှာ ၀ဲဝဲ ၀ဲဝဲ နဲ့
ကျုပ် အသည်းယားတယ်….။
ငါ့ဘ၀ .. တန်ဖိုးတော့ မရှိဘူးပေါ့..
လက်ချိုးရေလို့ရတဲ့ ကိန်းဂဏန်းတွေ နောက်မှာ
သူတို့ကို အရေအတွက် မြှင့်တင်ပေးချင်သေးတာလေ..။
ဒသမနဲ့ သူတို့ကြားမှာ..
ငါသူတို့ရဲ့ အရှိတန်ဖိုးကို ဖျက်ဆီးပစ်နေတုန်း
ငါ့ကိုယ်ငါ ရှက်လို့ မဆုံးဘူး….။
ဓါတ်မတည့်ခြင်း
အခြစ်တဲ့
အကျိုးမပေးလိုက်ပုံများ
သူနဲ့သွား မပက်သက်လေနဲ့
ခုပဲကြည့်
သတ်ပုံထိ လိုက်မှားနေတယ်…။
ကင်တင်းန်
ဗိုက်အဆာဖြေရန်
ထမင်းသုတ်.. ချိုဆိမ့်. Ruby
မျက်ကြည်လွာ ငတ်ပြတ်မနေစေရန်
First year ညီမလေး… Second year ကောင်မလေး
Final year မမ များ အလကား စားသုံးနိုင်သည်..။
ကျန်းမာရေး သတိပေးချက်
အိပ်ရေးပျက် ခေါင်းကိုက် မလန်းဆန်းခြင်း
အားအင် ချိနဲ့ ပိန်ချုန်ခြင်း
ရင်တုန်ပန်းတုန် ဖြစ်ပြီး Heart attack ဖြစ်ခြင်း
သဲထဲရေသွန် ဖြစ်သော ငွေအတွက် သောကရောက်ခြင်းများ..
ကင်းဝေးစေရန်
ဘောလုံးပွဲကို ဝေးဝေးရှောင်ပါ..။
သင်္ခါရ
တွေ့သူကတွေ့ ချစ်သူကချစ်
မုန်းသူကမုန်း လိုက်ပြောသူကပြော
ပြန်ကြိုက်သူကကြိုက် မူသူကမူ
ငြင်းသူကငြင်း မျက်စောင်းခဲသူကခဲ
ပါးကွဲသူက ကွဲ.. ရင်ကွဲသူကကွဲ
ရှောင်သူကရှောင် တွဲသူကတွဲ
ချိန်းတွေ့သူကတွေ့..
စကားကျွံသူက ကျွံ လက်ကျွံသူကကျွံ
(အဟမ်း..) ကျွံသူကကျွံ
ကွဲတဲ့သူကကွဲ ညားတဲ့သူကညား
သြော်…….. ဘ၀ ဘ၀..။
၁။
ခဲတံ
ခဲဖျက် ကုန်သွားပြီ
ဒီတစ်ခါမှားရင်တော့
ရင်ကော့ပြီး အရေးခံနေကျ
ငါ့ဗလာစာအုပ်က ငါ့ကို ဟားတော့မှာ…။
၂။
မီးပုံးပျံ
မီးတောက်ကြီးကိုမြို
ကိုယ့်ကိုကိုယ် မှိုင်းတွေသွင်း
တင်းတင်းရင်းရင်းဖြစ်ကာမှ
ငါ့ရင်ဘတ်ကြီး လေလွင့်သွားလိုက်တာ….။(နှမြောစရာနော်)
၃။
ဖိနပ်
နင်းလျှောက်မှုအောက်မှာ နာကျင်လို့
ငါ့ကိုယ်ငါ ကိုက်ဖြတ်လိုက်မိပါတယ်
သဲကြိုးပြတ်တဲ့ ငါ့ကို
ဟိုဘက်အိမ်က ခွေးက ဆွဲစားတာ ခံလိုက်ရတယ်..။(တောက်)
၎။
ဓါတ်တိုင်
နီယွန်အလင်းစက်ကို ခေါင်းမှာတပ်
ခပ်တည်တည် မတ်တပ်ရပ်နေပေမယ့်
ပျော်တယ် မထင်နဲ့..
ဟို အမူးသမားက ၀င်ဖက်လိုက်
ဒီခွေးက ၀င် သေးပန်းလိုက်
ရိုက်သတ်ချင်နေတာ….။
၅။ ပေခုံ
တူနဲ့ရိုက်တာတော့ နာတာပေါ့
ဓါးတွေကို ပုံသွင်းပေးရတာကိုတော့
ဂုဏ်ယူလို့ မဆုံးဘူး..။
၆။ သော့ဂလောက်
ငါ့ဗိုက်ကို ထိုးကလန့်လိုက်လို့
ငါ ပွင့်သွားတာတော့ ဟုတ်ပါပြီ
သော့နဲ့ထိုးတာ ငါ့ရဲ့ ဘယ်နေရာလဲ..????
၇။ ဆွဲကြိုး
လူတွေများခက်တယ်နော်
သူတို့ လှချင်တာနဲ့ပဲ
သူ့တို့လည်ပင်းကိုဖက်ပြီး
ငါ့မှာ တန်းလန်းကြီး………….။
၈။ တစ်ရှူး
ဘ၀ဆိုတာ ခဏလေးပါ..
ကြည့်လေ… ကျုပ်ဆို…
အိတ်ထဲက ထွက်ထွက်ချင်း
ရှူးဆို ကျုပ်ရင်ခွင်ထဲ နှပ်ညှစ်ချ
မလှမပ လုံးထွေးရင်း
ဖြေထောက်နဲ့ တက်နင်းခံလိုက်ရ
ပြီးပြီ…. ဘ၀…. ဒါပဲ…………။
==========================
ကျွန်တော့် ဘလော့လေးမှာ လာလည် စာလာဖတ် ခင်မင်ရင်းနှီးစွာ နှုတ်ဆက် စကားပြော.. သွားကြတဲ့ အားလုံးအားလုံးသော ဘလော့ဂါ မိတ်ဆွေများအားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ…။
============================================
အားလုံးကိုလေးစားလျက်
နတ်ဆိုးလေး
=============================